Powered By Blogger

Friday 3 June 2016

လူတိုင်းပျော်သော အိမ်သို့



ဘ၀ကို ပေါ့ပျက်ပျက်နေတဲ့ သူ
ဘ၀ကို အတည် နေတဲ့သူ
ဘ၀ကို ပေါ့ပေါ့ပါးပါးနေတဲ့သူတွေ ဆိုပီး
လူတွေကို ယေဘူယျတွက်ထုတ်ကြည့်လိုက်ရင်
ကျွန်တော်က ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းနေတဲ့
ကော်ဖီသိပ်ကြိုက်တဲ့ ကဗျာဆရာတစ်ယောက် ဆိုပါတော့ဗျာ ။
*
လောကကြီးက သိပ်ကို ချစ်ဖို့ကောင်းတာကို ကဗျာဆရာ ဆိုတဲ့ ကျုပ်တို့ကပဲ သိနိုင်တာမဟုတ်ပေမဲ့
ကျုပ်တို့က
အဲဒီချစ်ဖို့ကောင်းတယ်ဆိုတာကို ပိုပီး အသေးစိတ် တိကျ ရေးပြနိုင်တယ် ။
*
အပင်ပေါ်က အရွက်တစ်ရွက် မြေပေါ်ကြွေတာလည်း
ကဗျာတစ်ပုဒ်ဖြစ်တာဘဲ
မြောက်ပြန်လေ တွေတိုက်တုန်းက မိုးဖွဲတွေ ပါနေတာက လည်း ကဗျာတစ်ပုဒ်ဘဲ
အဲဒါကြောင့်
ပတ်ဝန်းကျင်လောကကြီး ကို အချစ်တက်ဆုံးတွေထဲမှာ
ကဗျာစာ ရေးတဲ့သူတွေက ထိပ်ဆုံးက ဆိုတာကိုငြင်းဖို့မလွယ်ဘူး ။
*
အဲဒီ နှင်းကျတဲ့ ဆောင်းည တွေမှာ ဂစ်တာတစ်လက်ကို ထမ်းပီး
ချစ်သူမရှိ တဲ့
လမ်းအိုအိုဒေါင့်မှာ
တစ်ယောက်ထည်း ဆွေးနေရတာကို လည်း ခုံမင်တယ် ။
*
လပြည့်ညမှာ
ချစ်သူက လမင်းကိုကြည့်နေမှာကိုမြင်ယောင်ပီး
ကျုပ်ဆီမှာ တိမ်ဖုံးနေသလို
ကိုးလိုးကန့်လန့် ရသ တွေကလည်း ကာရန်မကျတကျ ကဗျာတွေပါဘဲ ။
*
အမေက တော့ ကိုယ့်ဘ၀ကို ရပ်တည်လို့ရအောင်
လူရိုသေ ရှင်ရိုသေ အလုပ်တစ်ခုလုပ်ဖို့ပြောတိုင်း
ကဗျာဆရာတစ်ယောက်ရဲ့မာနနဲ့ ငြင်းဖူ
းတယ် ။
ကျုပ်တို့ ကဗျာဆရာတွေက လူကဲ့ရဲ့စရာများဖြစ်နေသလား ဗျာ ။
*
ကာရန်စစ်စစ်တွေကို သောက်တယ်
ရသ အသစ်တွေကို ဖန်တီးတယ်
ကဗျာက မွေးဖွားလာတဲ့
နှလုံးသားတွေနဲ့
လောကကြီးကို အကျိုးပြုတယ် ။
*
ကျုပ်က ဘ၀ကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းတဲ့သူဘဲ ။
*
ခန်းမကြီးထဲမှာ ဟန်ဆောင်ပန်ဆောင်
ရှန်ပိန်ခွက် တိုက်ရတာတွေကို သဘောမကျဘူး
*
လူအထင်ကြီးအောင် တန်ဘိုးကြီး ပစ္စည်းတွေ ၀တ်ပြရတဲ့
လူ့ယဉ်ကျေးမှု အသစ်တွေကိုလည်း ခေါင်းခါတယ် ။
*
လောကကြီးမှာ အလိမ်တွေ အပေါ်ယံတွေ များနေတဲ့ အချိန်မှာ
ကဗျာဆရာတွေက
ဒဲ့သမားတွေ ။
တစ်ခါတစ်လေ လူမုန်းများမယ် ။
ထမင်း နပ်မှန်ချင်မှ နပ်မှန်မယ် ။
ကဗျာတစ်ပုဒ်နဲ့ အသက်ဆက်နေရတာကို က ဘ၀ ပီသနေတာပဲ ။
*
ကျုပ်တို့ ရဲ့ စိတ်ကို
အရောင် မတင်နဲ့ ။
အတောင် ပံတပ်မပေးနဲ့
ကျုပ်တို့ဟာ တစ်ဖြည်းဖြည်း ချင်း ဆန်တက်လာမဲ့
လင်းယုန်ငှက် ။
ကိုယ့်ရိုက်ခက်မှု နဲ့ ကျော်ဖြတ်လာတဲ့ အတားအဆီးတွေကို အသိအမှတ်ပြုနေမယ် ။
ကိုယ့်ရုန်းကန်မှု နဲ့ တိုးထွက်လာတဲ့ တိမ်တိုက်တွေကို သတိရနေမယ် ။
*
ဘ၀ထဲမှာ
ကဗျာကို သွေး ရင်း
မေတ္တာတရားတွေ ယိုဖိတ်လာတဲ့
အနုပညာ မှော်အိမ်ကို
ကျုပ်တို့ လှမ်းကြတယ် ။
*
ခြံတံခါးကို
အမှန်တရားသော့နဲ့ ခတ်တဲ့ အခါမှာ
ဘ၀သမားတွေပဲ အနားကို ကပ်လို့ရတယ် ။
လူပီသ တဲ့လူတွေ ပဲ သော့ဖွင့်ခွင့်ရှိတယ် ။
အဲဒီ အိမ်မှာ
ငြိမ်းချမ်းမှု တစ်ပွေ့တစ်ပိုက် နဲ့ လူတိုင်းပျော်နေကြတယ် ။

#သင်္ခရာ


Tuesday 17 May 2016

ကျွန်တော့်ရွာ နှင့် ကျွန်တော့်  သင်္ကြန်



အချိန်တိုင်း ပြန်သွားချင်လောက် သော နေရာ တွင်
သိပ်လွမ်းဖို့ကောင်းသော အတိတ်တစ်ခုရှိ တက် ၏။

ဘူတာရုံ အို၏ သံလမ်းများ နှင့်  ကျွန်တော့ အိမ်သည်  သိပ်မဝေးသော နေရာ  တွင် တည်ရှိ သည် ။
ထူ ပြားလှစွာသော တမာပင်တန်းများက   သံလမ်းနှင့် အိမ်ကို ကြားခံထား ၏။
မီးရထား တစ်စီး ၏ ဥသြ သံကြားတိုင်း ပြတင်းပေါက်ကို ပြေး၍ လာကြည့်သော
ကာလ တစ်ခုကို  ကျွန်တော် ပြေး၍ သတိရမိ ၏ ။
မီးရထားကို ချစ် တက်သော လူများသာ လျှင်  ခံစားမှုကို နားလည် လေ့ရှိသည် ။

March လ နွေရာသီ ကျောင်းပိတ်ရက်ရှည်ကြီးကို
သင်္ကြန်ကို မျှော်လင့်ရင့်  ကုန်ဆုံးလေ့ရှိ၏။
တမာရွက်ဟောင်းတို့ ကြွေသောအခါ တမာရွက် နုနု အား
အပင်ပေါ်တက် ၍ ခူးသော အခိုက်အတန့်များ အား  လွမ်း ၏ ။

စာရေးနေရင်းပင်  ငါးပိရည်ကြိုနှင့် တမာရွက်နုပြုတ်ရနံ့ ကို ရ မိသည် ။

တမာရွက်ခူးရင်း သင်္ကြန်အနံ့ ကိုရှူရှိုက် ၏ ။
ဦးအောင်ငွေ ၏ လော်စပီကာမှ  တူးပို့ တူးပို့ သံနှင့် သင်္ကြန်မတိုင်ခင်ကတည်းကြိုကြသည် ။

ကာလသားများစုပေါင်း ၍
ဘူတာကုန်း  မြို့ဦး မဏ္ဍပ် ကို ဆောက်၏ ။

ရွာလယ် တွင်လည်း ခိုင်စံပယ် ၊ ပိတောက်မြိုင် ၊စံပယ်ဦး  စသော မဏ္ဍပ် များ ၀န်းရံကုန်ကြ၏။

တစ်ချို့က သင်္ကြန်လည်ဖို့ လှည်းပြင်၏ ။
တစ်ချို့က စက်ဘီး ၊ မော်တော် ဆိုင်ကယ်
တစ်ချို့ တက်နိုင် သူများကျတော့ ကားဖြစ်  ၏။

ကလေးများကား ရေပြွတ်သေနတ်ဝယ်ဖို့အားထုတ် သည်။
တစ်ချို့ အပျို လူပျိုများ  ဂိုက် ဆိုဒ် များ ၏ ။ရွှေဖလား ငွေဖလားများဖြင့် ပြင်ကြသည် ။
အလှူခံကြသည် ။ ဘေးမဲ့လွှတ်ကြသည် ။တစ်ချို့ကား ထန်းရည်လေးများသောက်ကြ၏ ။
မရမ်းကားကြ ။

သင်္ကြန်ယိမ်းအဖွဲ့ များ အကတိုက်ကြသည်။
ရွာသည် မြန်မာဆန်၏ ။ လျှပ်လော်လီ ခြင်း စိုးစဉ်းမျှမရှိ။

ပိတောက်ကား သစ္စာရှိ  ၏ ။သင်္ကြန်မှသာ ပွင့်သည် ။
ငုဝါ ပွင့်သည် ။

ခုချိန်တိုင် မြန်မာ့ရနံ့သင်းနေသေးသော
ရွာကို
ကျွန်တော် လွမ်းမိသည် မှာ လွန် အံ့မထင် ။

Sunday 24 April 2016

နေ၀င်စောခဲ့သော ညနေများ



နေ၀င်ချိန်ဟာ ပုံမှန်ထက်စောနေခဲ့တဲ့ ညနေခင်းလေးတစ်ခုမှာ ကျွန်တော်ဟာ  လယ်တော အစပ်က  အိမ်ငယ်လေးတစ်ခုဆီကို   စာလေးတစ်စောင်ဖြင့်
လေးဖျင်း နှေးတွဲ့ စွာ  လျှောက်လှမ်းလာခဲ့ပါတယ် ။

ကျောပိုးအိတ်ထဲက ချောကလက် လေးတစ်ခုကို လည်း တစ်ယုတစ်ယ  ထုတ်ပိုးလာခဲ့ပါသေးတယ် ။

ခြံစည်းရိုးက ယိုင်နဲ့ နေရုံသာမက  ခြတွေပါစားလို့နေသည်။

ခြံတံခါးကို တွန်းဖွင့်  ၀င်အလာမှာ  စစချင်းတွေ့လိုက်ရတဲ့ အရာက
စိုက်ခင်းသေးသေးလေးတစ်ခု။
ဘေးနားမှာ ရေလောင်းတဲ့ ရေပုံးလေးတစ်ခု ။
အိမ်ငယ်ငယ်ဆီမှ   မီးခိုး များ တက်လာပါတယ် ။
ဒီအချိန်မျိုး က  အမေ ညနေစာ ဟင်းချက်နေတဲ့ အချိန်ပေါ့ ။

အိမ်တံခါးကို လက်နဲ့ခေါက်ရန် ကြံရွယ်ပြီးမှ
အမေ အမေ အမေ ဆိုပီး အော်ခေါ်ခဲ့ပါတယ် ။

ကျွန်တော့်အမေ အရွယ် အဖွားအိုတစ်ဦး တုန်ရီစွာ ထွက်ကြည့်တယ် ။
ချွေး စ များကလည်း အမေအိုရဲ့ နဖူး မှာ ရစ်သီလို့ ။
"ဘာကိစ္စများရှိလို့လည်း သားရယ် "ဆိုတော့
ရုတ်တရက် ကျွန်တော်  ပြောမထွက်လောက်အောင် ဆွံ့အ နေခဲ့ပါတယ် ။

ကျွန်တော့လက်ထဲက စာတစ်စောင်ဟာ  အမေ့အတွက်
အိမ်မက်ဆိုးတစ်ခုလား ။
အမေ့ အတွက် မိုးကောင်းကင်ကြီး ပြိုကျမှာလား ။
ညနေတိမ်များဟာ လည်း  တစ်ဖြည်းဖြည်း ယိုင်နဲ့ကျလာတာကို   အမေ့မျက်ဝန်းထဲမှ တစ်ဆင့်ကျွန်တော် တွေ့လိုက် ရပါတယ် ။

"အမေ  အမေ့အတွက်  ကျွန်တော် ယူလာတဲ့ချောကလက်ပါ  ။ "
အမေ့ရဲ့ လက် က  အရေးအကြောင်းများစွာဖြင့် တုန်ရီနေပါတယ် ။ဒါက" အမေ့ရဲ့ သားကျွန်တော့ သူငယ်ချင်းရဲ့ စာပါ အမေ "
အမေဟာ  မှိုင်းညို့တဲ့ မျက်ဝန်းများဖြင့် ကျွန်တော့လက်ကို ကိုင်ကာ  အလောတကြီး မေးပါတယ် ။
"အမေ့ သားလေးကော ဟင်  သား"
ကျွန်တော် ဘယ်လိုပြောထွက်ရက်မလည်း ။
အမေဟာ
ရုတ်တရက် သဘောပေါက်သွားရန်တူသည် ။

တစ်ဖြည်းဖြည်း ၀င်လာတဲ့ နေ၀န်းနီကြီးကို  မျက်နှာမူပီး   ၀ါးကုလားထိုင်လေးတစ်ခုမှာ ဖြေးညှင်းစွာထိုင် ချလိုက်ပါတယ် ။
"သားလေးရယ်  အမေ ဘယ်လို ဂုဏ်ယူရက်ပါ့မလည်း"
အမေ ဟာ  ကျွန်တော့ကို ဖက်ပီး  မျက်ရည်များကျလာတာကို  တွေ့လိုက်ရပါသည်။

"အမေ  ဒီစာကို ဖတ်နေရတဲ့ အချိန်မှာ ကျွန်တော်ဟာ  အမေ့နားမှာမရှိတော့ပါဘူး အမေ ။ စစ်ဆိုတဲ့ ကစားပွဲတစ်ခုမှာ  ကျွန်တော်တို့ဟာ  ကလေးငယ်တွေဖြစ်ခဲ့ကြတယ် အမေ ။ ဒါပေမဲ့  သားဟာ  အမေ ဂုဏ်ယူရမဲ့သားတစ်ယောက်ပါ ။
နိုင်ငံ အတွက် အသက်တောင် ပေးပီးခဲ့တဲ့ အချိန်မှာ ကျွန်တော်ဟာ အမေ့အတွက် ဘာမှ လုပ်မပေးနိုင်ခဲ့တဲ့ သားမိုက်တစ်ယောက် လို့ လည်း အမေ တွေးမနေဘူးဆိုရင်တောင်  ကျွန်တော်ဟာ  အမေ့အတွက် သုည တစ်ကောင်အဖြစ် ကြွေလွင့်
နေခဲ့ပီးပါပီ အမေ ။ အမေ့ကျန်းမာရေးကို အမေဂရုစိုက်ပါအမေ ။ သားနဲ့ နှစ်ယောက်တည်း ရှိတုန်းကလို  အမေနေပေးပါ ။ အိမ်ရှေ့က စားပင်သီးနှံတွေ  ဖြစ်ထွန်းလာရင်လည်း သားကို တွေးပီး ဆွေးမနေပါနဲ့ အမေရယ် ။
ကျွန်တော့ရဲ့ ပင်စင်လစာလေးနဲ့  အမေ ဘယ်လိုမှ မလောက်နိုင် တာကို  လည်းသားသိပါတယ် အမေ ။ခွင့်လွှတ်ပါဆို တဲ့ စကားတစ်လုံးကို ထပ်ခါတလဲလဲ သုံးတဲ့ သားမိုက်အဖြစ် နဲ့  ခွင့်လွှတ်ပါလို့ပြောပါရစေ အမေ။
ကျည်နံ့တွေ သင်းနေတဲ့ စစ်မြေပြင်က  အမေ့ရင်ခွင်လောက်  မအေးမြဘူးအမေ။ အဲဒီ အချိန် ချိုမြလွန်းတဲ့ အမေ့ရဲ့ အပြုံးတွေကို သတိရမိတယ် ။ ခုချိန်မှာ အကြားချင်ဆုံးက  သေနတ်သံတွေမဟုတ်ဘူး အမေ ။ အမေ့ရယ် သံတွေပါ ။
အမေ အစစအရာရာ ဂရုစိုက်ပါအမေ ။အမေ့ကို သားကန်တော့ပါတယ် အမေ "

အမေ့မျက်နှာ ဟာ  တစ်ဖြည်းဖြည်း မို့အစ်လာ တာကို  မှောင်ရိပ်သန်းနေတဲ့ အလင်းနဲ့ ကျွန်တော် ဝေေ၀ ၀ါးဝါး တွေ့လိုက်ရပါတယ် ။

ဒီလိုမျိုးနေ၀င်စောခဲ့ တဲ့ ညနေတွေ  စစ်ရဲ့  တိမ်တိုက်ကြားမှာ ဘယ်လောက်များများတောင်ရှိမလဲဆိုတာ
အမေ  ကြိုပီးတွေးနေခဲ့ဦးမယ်ဆိုတာ
ကျွန်တော်ရိပ်မိလိုက်ပါ တယ် ။


#သင်္ခရာ

Saturday 12 March 2016

အသဲကွဲသံ




ခပ်ညံ့ညံ့ အရက်ဆိုင်ထဲက 
ဝုန်းခနဲဆို တိုးထွက်လာတဲ့ အသဲကွဲ တံလျှပ်လှိုင်းတွေ
တစစနဲ့ တောက်လောင် လာလိုက်တာ
မှောင်နေတဲ့ ည တောင် မျက်ရည်တွေ ၀ဲလို့ ။

ခါးသီးလွန်းပါတယ်
ခြေဖ၀ါးမှာ   ခစားလို့
ကျွန်တစ်ယောက်လို ရိုကျိုးစွာ   နေခဲ့တာတောင်
ဒီစားပွဲဝိုင်းပေါ်က အရက်လောက်တောင် သူမက သစ္စာမရှိ
ဒီလိုနဲ့
အသဲဟာ  အက်ယာလိုက်လာတာ 
သူမမျက်နှာကို  မုန်းပစ်ရတဲ့ထိ ။

ဝုန်းခနဲ ထခွဲလိုက်တဲ့ ပုလင်းသံ
ဖြတ်ခနဲ ထလက်လာတဲ့ မီးသီးငယ်
ဟက်ကနဲ ကွဲသွားတဲ့ အသည်းကွဲသံရဲ့ အဆုံးမှာ
လူတိုင်း လူတိုင်း အတွက်
အဆွေးတစ်ခုတော့  ကျန်ရစ်မြဲ ဆိုတာ
သူမ ဓာတ်ပုံကို ငေးကြည့်ရင် ကျွန်တော် သဘောပေါက်လာမိပါတယ် ။

#သင်္ခရာ

Thursday 11 February 2016

အသည်းကွဲ



လွမ်းလို့လည်းဘာမှ လုပ်မရသော ဘ၀မှာ
သူ့ဓာတ်ပုံ ဟာ ကျိန်စာတစ်ခုလို ဖြစ်လာတယ်
ကြည့်နေရင်းနဲ့ အက်ရာထင်လာတဲ့အသည်း
အရက်တစ်ခွက်နဲ့ ဖြေဖျောက်လည်း
ဘာသိဘာသာ ။

ကံမဆုံတဲ့ လမ်းမှာ
ငါတို့တွေ ကြုံရာကို လှမ်းလိုက်ရမှာလား
မဖြစ်ဘူးဆိုပြီး နောက်လှည့်ကြည့်တော့
သူမဟာ သတို့သမီးလေးတစ်ယောက်
ကျွန်တော်နဲ့ မသက်ဆိုင်သော အရာ ။
သူမဟာ အပိုင်းအစ တစ်ခု ။

ပန်းခင်းတဲ့ လမ်းတိုင်းမှာ မင်းခြေချရပါစေ
ထွန်ယက်စိုက်ပျိုးတက်တဲ့ ဥယဉ်မှူးတစ်ယောက်လို
ငါဟာ ဆွေးနေဦးမှာ ။
သိပ်လှတဲ့ မျက်ဝန်း လေးကို
နောက်နှစ်ပေါင်းများစွာထိ လွမ်းတက်နေဦးမှာပါ ။
#သင်္ခရာ

Sunday 24 January 2016

အဖေ နှင့် အတွေးများ


အမိုးမလုံတဲ့ ခပ်ရွဲ့ရွဲ့ အရက်ဆိုင်ထဲမှာ
အနာဂတ် တွေ အကြောင်း 
ကျွန်တော် ရယ် အဖေ ရယ် ပြောခဲ့ဖူးကြတယ် ။
*
အဖေက အရက်သောက်တယ်
အဖေက လူညံ့ တစ်ယောက်မဟုတ်ခဲ့ဘူး
ကျွန်တော့ ထက်ကို ဘ၀ နာခဲ့တဲ့သူ ။
ဘွဲ့ တစ်ခု အတွက် သူများအိမ်မှာ ကျွန်ခံပီး ယူလာတာကို အမြဲဂုဏ်ယူ စွာ
ကျွန်တော့ကို ပြောတယ် ။
*
ကြိုးစားမှုကို မရပ်ဖို့ အဖေ ပြောမယ်
လောကကြီး ကလူတွေက ဒီအတိုင်းပါဘဲကွာ
မြေနိမ့်ရင်လှံစိုက်တက်တာကို အဖေက ပြောမယ်
ငွေမရှိရင် အမျိုးဆိုတာ အလကားဘဲ ဆိုတာကို ပြောတယ်
အဖေက ဘ၀ကိုနာတယ်
ကျွန်တော်က အဖေ့ကို သနားတယ်
အဖေက မိသားစုကိုချစ်တယ်
အဖေ က သူ့အမေကို ချစ်တယ်
အဖေက သူ့အဒေါ်တစ်ယောက်ကို ချစ်တယ်
*
အဖေကစည်းကမ်းကြီးတယ်
အဖေက စကားနည်းတယ်
ခြံမှာ စည်း မြစ်မှာ ကမ်း လူမှာ စည်းကမ်း ဆိုတာ အဖေ့ ဆောင် ပုဒ်
ဖိနပ်ချွတ်ရင် ဘယ်လိုချွတ်
ချိတ် ချိတ်ရင် ဘယ် လိုချိတ်
ပုဆိုး လှမ်းရင် ဘယ်လိုလှမ်း
ငယ်ငယ်တုန်းက အဖေစိတ်ဆိုးလို့ ရိုက်ဘူးတာ တစ်ခါဘဲရှိတယ်
*
တစ်ခါတစ်ခါ ဇွန်လ ရဲ့ မိုးစွေတဲ့ ရက်စွဲတွေကို သတိရတယ်
အဖေ ချက်ကျွေးတဲ့ ပုဇွန်လုံး ဟင်း
အဖေ ကြိုက်တဲ့ မှန်ရောင်ဟင်းချို
အဖေ ကျော်တဲ့ အဆာပလာမဲ့ ထမင်းဖြူကျော်
ခုထိ ကျွန်တော် သတိထားမိတယ်
အဖေက ပဲနှပ် ကြိုက်တယ်
အဖေက ခေါက်ဆွဲကျော် ကို ကြိုက်တယ်
အဖေက ငါးသ လောက်ကို ကြိုက်တယ်
*
တက္ကသိုလ်တက်တုန်းက
အဖေ့လက်ထဲက ငွေတစ်သောင်းနဲ့
ပြင်ဦးလွင်ထိတက်လာပီး ကျွန်တော့ကို ပေးဖူးတယ်
ငါ့သား ကြိုးစားပါတဲ့
အဖေ ဟာ မိုးရေကြားထဲမှာ တစ်ယောက်တည်းပြန်သွားတာကို ကျွန်တော် ရပ်ကြည့်နေဖူးတယ်
*
အဖေ ဟာ ကျေးဇူးကြီးမားတယ်
အဖေ ဟာ ပဲ့ကိုင်ရှင်
အဖေ့ အကြောင်းတွေတွေးရင်း အဖေ့အတွေးတွေကို ငေးရင်းးး

#သင်္ခရာ

ဂီတ နှင့် ကဗျာ

ချယ်ရီတွေ ပွင့်တိုင်းသာ
ချစ်သူကို လွမ်းဖို့ ကဗျာ တစ်ပုဒ် ဖြစ် ရမယ်ဆိုရင်
ကျွန်တော်  ဆောင်းတွေ ကို နှစ်သက် နေတက်မှာ ။

တစ်ခါက
ကျွန်တော့ စိတ်ကူးတစ်ခုထဲမှာ စာအုပ်ဆိုင်လေးတစ်ခုရှိတယ်

တစ်ခါက
ကျွန်တော့ အတွေးထဲမှာ  လမ်းဘေးအုတ်ခုံလေးတစ်ခုရှိတယ်

အဲဒီအတွေးတွေက တူတယ်
မာနတွေ ကြီးတယ်
အချစ်ဆိုတာကို ပျက်ရယ်ပြုတယ်

ချယ်ရီပန်းခြောက်တွေ ညှပ်ထားတဲ့ ကဗျာစာအုပ်တစ်ခုကြားမှာ
မိုးကို ချစ်တာ ပါမယ်
ဆောင်းကိုချစ်တာပါမယ်
နွေကို ချစ်တာပါမယ်
ဘယ်အရာကို မှ ကျွန်တော် မပိုင်ဆိုင်ဘူးတဲ့ ခံစားချက်တွေဟာ
ဘာလို့ အချစ်လို့များ ခေါင်းစဉ် တက်ထားတယ် ဆိုတာ ကျွန်တော် မသိဘူး

ကျွန်တော်က ရိုးရိုးတွေးတယ်
သူတို့က တစ်ကွက်ကျော်ပြီး မေးခွန်းထုတ်တယ်
အသည်းကွဲတယ် ဆိုတာ ရလဒ် တစ်ခု
အသည်းကွဲတယ် ဆိုတာ အမှန်တရား တစ်ခုဆို တာ   လက်ခံတက်ခဲ့ပြီ ။

စာအုပ်ဆိုင်က လွင့်လာတဲ့ ကဗျာတစ်ပုဒ်
လမ်းဘေး အုတ်ခုံပေါ်က ကျလာတဲ့ ဂီတ တစ်စွန်းတစ်စနဲ့
နေသားတွေ ဘာတွေကျ

တစ်ခါတစ်ခါ
၎င်းတို့အား ပြန်လည် တမ်းတမိသည် မှ လွဲ၍  ။

#သင်္ခရာ